နေ့စဉ် လူနေမှုဘ၀မှာ အသုံးပြုနေကြတဲ့ ဖုန်းတွေမှာ အသုံးပြုတဲ့ Android ကိုတီထွင်ခဲ့တဲ့ သူကို မသိတဲ့သူတွေ ရှိကြသေးလားဗျ ။ မသိတဲ့ သူတွေရှိသေးတယ်ဆိုရင်တော့ Android ဖန်တီးရှင် Andy Rubin ရဲ့ အကြောင်းကို အခရာပရိသတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်။
Andy ကို ဇွန်လ ၂၂ရက် ၁၉၆၂ မှာမွေးတာဖြစ်ပြီး ငယ်စဉ်ကတည်းက နောက်ဆုံးပေါ် Electronic Gadgets တွေကို သူ့ဖခင်ရဲ့ အလုပ်နဲ့ပတ်သက်ပြီး ကိုင်တွယ်ခွင့်ရခဲ့သူဖြစ်ပါတယ်။ New York မှာရှိတဲ့ Utica College ကနေ Computer Sciences နဲ့ဘွဲ့ရပြီးတဲ့နောက်မှာတော့ Carl Zeiss AG မှာ Robotics Engineer အဖြစ် 1986 ကနေ 1989 အထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီအလုပ်မှာ သူတာဝန်ယူရတဲ့ အပိုင်းကတော့ Network Device တွေထုတ်လုပ်ခြင်းနဲ့ တိုင်းတာခြင်းပဲဖြစ်ပါတယ်။ 1989 မှာ Carl Zeiss ကနေအလုပ်ထွက်ခဲ့တဲ့ Andy ဟာ Apple မှာ Manufacturing Engineer အဖြစ် 1989 ကနေ 1992 အထိဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

Andy ဟာ Apple မှာ Manufacturing ဌာနမှာတင်မဟုတ်ပဲ Research ဌာနမှာလည်း လုပ်ကိုင်ခဲ့ပါသေးတယ်။ 1990 မှာ Apple ဟာ General Magic ကုမ္ပဏီနဲ့ ထုတ်လုပ်မှုပိုင်းကိုပူးပေါင်းခဲ့ပါသေးတယ်။ General Magic ကုမ္ပဏီဟာ လက်ကိုင်ဆက်သွယ်ရေးပစ္စည်း ( Handheld Communication Devices ) ကိုဖွံဖြိုးတိုးတက်စေဖို့အဓိကအာရုံစိုက်ခဲ့တာဖြစ်ပြီး Andy ဟာလည်း Apple ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ဒီ Project မှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ Andy ဟာ လက်ကိုင်ဖုန်းအတွက် Magic Cap လို့ခေါ်တဲ့ Software တစ်မျိုးရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Magic Cap ကို Handset နဲ့ Telecom ကုမ္ပဏီတွေက လက်ခံခြင်းမရှိခဲ့ပါဘူး။ သတင်းတွေ အရကတော့ ဒီProject ဟာအဆင်ပြေခြင်းမရှိပဲ ပျက်စီးသွားခဲ့ပါတယ်။

General Magic မှာရှိတဲ့ တစ်ချို့ Developer တွေနဲ့ Apple မှာအချိန်ကြာမြင့်စွာလုပ်ကိုင်ခဲ့တဲ့ Developer အချို့ပူးပေါင်းပြီး Artemis Research ကိုတည်ထောင်ခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့အစောပိုင်းအာရုံစိုက်ထားတဲ့ တီထွင်မှုကတော့ Internet ကနေတိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Television အမျိုးအစားကို ထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။ သူတို့ ရဲ့အပြောအရတော့ အဲဒါဟာ WebTVဖြစ်ပါတယ်တဲ့။ Rubin ဟာ WebTV ကိုထုတ်လုပ်ရာမှာ Co-Developer အနေနဲ့ပါဝင်ခဲ့ပါတယ်။ Microsoft က Artemis ကို 1997 မှာဝယ်ယူလိုက်ပြီးနောက်မှာတော့ Andy ဟာ Microsoft ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒီလိုနဲ့ Andy ဟာ Apple မှာလိုပဲ Microsoft ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြန်ပါတယ်။ Andy ဟာ ကင်မရာတပ်ဆင်ထားတဲ့ စက်ရုပ်တစ်ရုပ် ကို လုပ်ဖော်ကိုင်ဖက်တွေအတွက် တီထွင်ခဲ့ပါတယ်။ အံ့အားသင့်စွာပဲ သူထွင်ထားတဲ့စက်ရုပ်ဟာအင်တာနက်နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ 1999 မှာ Andy ဟာ Microsoft က ထွက်ခွာခဲ့ပြီး California ၊ Palo Alto မှာ စတိုခန်းတစ်ခု ဌားရမ်းကာ သူ့ရဲ့ Lab အခန်းအဖြစ်ထားရှိခဲ့ပါတယ်။

Andy ရဲ့စတိုခန်းမှာ သူတီထွင်ထားတဲ့ စက်ရုပ်မျိုးစုံနဲ့ပြည့်နှက်နေပြီး နောက်ထပ် စိတ်ကူးစိတ်သန်းအသစ်တွေကို Andy ဟာ သူ့ရဲ့အပေါင်းအပါတွေ နဲ့အမြဲစဉ်းစားနေပါတော့တယ်။ နောက်ပိုင်းမှာတော့ Andy ဟာ Danger Inc ဆိုတဲ့ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပါတယ်။ Andy ဟာ Danger Inc ကိုထူထောင်ပြီးသိပ်မကြာခင်မှာပဲ Danger Sidekick လို့ခေါ်တဲ့ Device တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီ Device ဟာ Object တွေကို Scan ဖတ်နိုင်တဲ့အပြင် Internet က သတင်းအချက်အလက်တွေကိုလည်း ရယူနိုင်ပါတယ်။ Andy ရဲ့ ပြောစကားအရတော့ သူတီထွင်ခဲ့ တဲ့ Sidekick ဟာ ဖုန်းရဲ့စွမ်းဆောင်နိုင်ရည်အတိုင်း Data တွေရမှာပါ။ တကယ်လို့ Sidekick သာ ဈေးကွက်ပေါ်ရောက်ရင် PDA ( Personal Digital Assistant) ဈေးကွက်တောင် ပျောက်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် Sidekick ဟာ PDA မဟုတ်ပါဘူးလို့ Andy က ဆိုထားပါတယ်။ Microsoft က Danger Inc ကိုဝယ်ယူလိုက်ပြီးနောက်မှာတော့ Andyဟာ Danger Inc က နေထွက်လာခဲ့ပါတယ်။

2002 ခုနှစ်အစောပိုင်းမှာ Rubin ဟာ Standford University မှာ Sidekick ရဲ့လုပ်ဆောင်ပုံနဲ့ တီထွင်ဖန်တီးခဲ့မှု အကြောင်းကိုပြောပြနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Sidekick ဟာဈေးကွက်မှာ အရမ်း နာမည်ကြီးခြင်းမရှိသေးပဲ ပိုမိုပြည့်စုံအောင် လုပ်ဆောင်ဖို့ Engineer တွေဆောင်ရွက်နေတဲ့ကာလပဲရှိပါသေးတယ်။ Andy ရဲ့ Lecture တန်းမှာ Google ကိုပူးတွဲတည်ထောင်ခဲ့တဲ့ Larry Page နဲ့ Sergey Bin တို့လည်းရှိနေပါတယ်။ Andy ရဲ့ Sidekick ကိုကြည့်ပြီးတော့ နောက်ပိုင်းမှာ Google Phone ကိုတီထွင်ဖို့ စိတ်ကူးစိတ်သန်းကို Larry ရခဲ့တာဖြစ်ပါတယ်။ Danger Inc ကိုစွန့်ခွာခဲ့တဲ့ Andy ဟာ နောက်ထပ်အသစ်အဆန်းတစ်ခုကို ပြုလုပ်ဖို့ကြံစည်ခဲ့ပါတယ်။
“ Android ကို ရိုးရှင်းတဲ့ စိတ်ကူးနဲ့ပဲ စတင်ခဲ့တာဖြစ်ပြီး Mobile Platform ကို စွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီ Android နဲ့ နောက်ထပ် ဖန်တီးမှုအသစ်တွေပြုလုပ်နိုင်သလို အသုံးပြုတဲ့သူတွေအတွက်လည်း အကျိုးရှိပါတယ်”လို့ Andy ကဆိုထားပါတယ်။
Android တည်ထောင်ပြီး ၂၂လ အကြာ July 2005 မှာSearch Engine လောကရဲ့ ဆရာတစ်ဆူ ဖြစ်တဲ့ Google ဟာ Android ကိုဝယ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီတစ်ကြီမ်မှာ လည်း Danger Inc. လိုပဲ Andy ဟာ Google ကိုရောင်းချဖို့ရွေးချယ်ခဲ့ပါတယ်။ Google ဟာ Android ကိုဝယ်ယူတုန်းက ဘယ်လောက်ပေးရသလည်းဆိုတာနဲ့ ဘာကြောင့်ဝယ်ခဲ့လည်း ဆိုတာ မီဒီယာတွေကို သတင်းအချက်အလက်အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

Google ဟာဒီအရောင်းအ၀ယ်မှာ နည်းပညာနဲ့ အတူ Android မှာလုပ်ကိုင်နေတဲ့ ထူးချွန်တဲ့ လူတွေကိုပါ ရလိုက်တာပါပဲ။ Andy အပါအ၀င် တခြားသူတွေဖြစ်တဲ့ ( WebTV Developers Andy နဲ့တွဲဘက်လုပ်ကိုင်သူ ဒါ့အပြင် Moxi Digital ရဲ့ Developer ) လည်းဖြစ်သူ Andy McFadden ၊ ဆက်သွယ်ရေးကုမ္ပဏီ Orange ရဲ့ Vice President ဟောင်းဖြစ်သူ Richard Miner ၊ Android Founder တစ်ယောက်ဖြစ်တဲ့အပြင် WebTV Interface Designer တစ်ယောက်ဖြစ်တဲ့ Chris White တို့လည်းပါဝင်ပါတယ်။

Google နဲ့ပူးပေါင်းပြီးနောက်မှာ Android ရဲ့စွမ်းဆောင်နိုင်ရည်ဟာ ပိုမိုမြင့်မားလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Open Handset Alliacne ကို Android Tools တွေဖန်တီးဖို့အတွက်ဖွဲ့စည်းခဲ့ပါသေးတယ်။
“ Google ဟာအကုန်လုံးကိုမလုပ်နိုင်ပါဘူး ဒါကြောင့် နောက်ထပ် ပါတနာ ၃၄ ယောက်နဲ့အတူ Android Developer Tools တွေရဲ့ စွမ်းဆောင်ရည် မြှင့်နိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” လို့ Andy က ခေါ်ထားပါတယ်။ လက်ရှိဈေးကွက်မှာ တွေ့နေရတဲ့ Android Devices ကို Google က ပြုလုပ်ထားတာမဟုတ်ပါဘူး။ Android ရဲ့ Heavyweight Fighters လို့တင်စားခေါ်ရတဲ့ Motorola ၊ Samsung ၊ HTC စတဲ့ဖုန်းတွေဟာ Android ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်ပါတယ်။ “Software တစ်ခုကို ဈေးကွက်ထဲရောက်အောင် ရော့ အင့် ဆိုပြီး ထုတ်လုပ်လိုက်ရုံနဲ့ မပြီးသေးပါဘူး ဒီ Software အတွက် Handset နဲ့ Network Provider ကိုဈေးကွက်မှာ ဘယ်သူလိုချင်လည်းဆိုတာ သိဖို့လိုပါသေးတယ်” လို့ Andy က ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာတော့ Andy ဟာ Essential Phone တစ်လုံးကိုထပ်မံတီထွင်ထားတာကြောင့် အသစ်ထွက်လာမယ့် သူ့ရဲ့တီထွင်မှုကနေ အသုံးပြုတဲ့သူတွေအတွက် ဘယ်လိုအကျိုးရနိုင်မလည်းဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Ref : Google , ib article
No comments:
Post a Comment